ပုံမှန်ရာသီလာတာလား မူမမှန်သွေးဆင်းတာလား
အမျိုးသမီးတိုင်းမှာ ရာသီပြဿနာဟာ ကြုံဖူးကြတဲ့ စိတ်အနှောက်အယှက်များတဲ့ပြဿနာပါ။ များသောအားဖြင့် ရာသီစက်ဝန်းတစ်ခုဟာ ၂၈ ရက်ကနေ ၃၅ ရက် ခြားပြီး တစ်ခါကို ၄ ရက် ၅ ရက်ခန့်ဖြစ်တာက ပုံမှန်ဖြစ်ပါတယ်။ ပုံမှန်စက်ဝန်းမဟုတ်တော့ဘဲ နည်းလိုက်များလိုက်၊ ပျောက်လိုက်ပေါ်လိုက်၊ ရက်ကြာလိုက် ခဏခဏဖြစ်နေရင်နေရင်တော့ ဟော်မုန်းဓာတ်မညီမျှခြင်းကြောင့်ဖြစ်နိုင်သလို ရောဂါတစ်ခုခုကြောင့်လည်းဖြစ်နေနိုင်ပါတယ်။
ရာသီသွေးဆင်းခြင်းဟာ
- တစ်ကြိမ်ဖြစ်ရင် ၂ ရက်ထက် နည်းတာ သို့မဟုတ် ၇ ရက်ထက်များနေတာ
- ၃ ပတ်ခြားတစ်ခါ ဖြစ်နေတာ သို့မဟုတ် ၅ ပတ်ထက် ပိုခြားနေတာ
- သွေးဆင်း အရမ်းများတာ၊ အတုံးအခဲတွေဆင်းတာ
- ဆီးစပ်နှင့် တင်ပါးခွက်ထဲမှာ ဆုပ်ဆွဲထားသလို ဆိုးဆိုးဝါးဝါး ကိုက်ခဲနေတာ
- ရာသီတစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ သွေးတစ်စက်စက်ဆင်းနေတတ်တာ
- လိင်ဆက်ဆံပြီးနောက် သွေးဆင်းတတ်တာ
- သွေးဆုံးပြီးမှ ရာသီပေါ်သလို သွေးပြန်ဆင်းနေတာမျိုးဆိုရင် ဂရုပြုရမယ့် အခြေအနေတစ်ခုတော့ ဖြစ်နေပါပြီ။
ဘာတွေကြောင့် ရာသီမဟုတ်ဘဲ မူမမှန်သွေးဆင်းတတ်သလဲ?
1. ဟော်မုန်းဓာတ်မညီမျှခြင်းကြောင့် ရာသီမမှန်ခြင်း
အဖြစ်အများဆုံးပါ။ အပျိုဖော်ဝင်စနဲ့ သွေးဆုံးခါနီးအရွယ်တွေမှာ ဟော်မုန်းမညီမျှခြင်းကဖြစ်တတ်ပါတယ်။ အလုပ်အလွန်ပင်ပမ်းမှု၊ စိတ်ဖိစီးမှု၊ ရုတ်တရက် ကိုယ်အလေးချိန်လျော့ကျခြင်း တိုးလာခြင်း၊ ကိုယ်ဝန်တားဆေးလို ဆေးဝါးများနဲ့ သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်ထားသူတွေမှာ ပို ဖြစ်တတ်ပါတယ်။
2. သားအိမ်တွင်းအသားလုံးတည်ခြင်း
သားအိမ်ကြွက်သားကနေ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအသားလုံးဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီလို သားအိမ်အသားလုံး ဖြစ်တဲ့သူတွေမှာ သွေးဆင်းအရမ်းများလေ့ရှိပါတယ်။
3. သားအိမ်တွင်း အသားပိုဖုဖြစ်ခြင်း
သားအိမ်အတွင်းနံရံမှာ ကင်ဆာမဟုတ်တဲ့ အသားပိုအဖုလေးတွေဖြစ်ရင်လည်း ရာသီသွေးဆင်းခြင်းမှာ ပြဿနာရှိစေပါတယ်။
4. သားအိမ်အတွင်းနံရံများ အပွားလွန်ခြင်း
သားအိမ်အတွင်းနံရံမှာပဲရှိရမယ့် တစ်ရှူးလေးတွေဟာ သားအိမ်ပြင်ပ အခြားနေရာများမှာ ရောက်ရှိပွားများနေရင် မူမမှန်သွေးဆင်းနိုင်ပါတယ်။ ဗိုက်အောက်ပိုင်း၊ ဆီးစပ်နှင့် တင်ပါးခွက်ထဲမှာ ဆုပ်ဆွဲထားသလို ဆိုးဆိုးဝါးဝါး ကိုက်ခဲနေတာမျိုးဖြစ်စေပါတယ်။
5. မျိုးဥအိမ်တွင် အရည်အိတ်ကလေးများဖြစ်ခြင်း
မျိုးဥအိမ်မှာ အရည်အိတ်ကလေးများတည်ခြင်းရောဂါကြောင့် ဟော်မုန်းဓာတ်မညီမျှတဲ့အခါ ရာသီနည်းသွားတာ၊ လုံးဝမလာတော့တာ ဖြစ်တတ်ပါတယ်။ ဒီရောဂါမှာ သွေးချိုဆီးချိုဖြစ်ခြင်း၊ အဝလွန်ခြင်း၊ မျက်နှာပေါ်တွင် အမွှေးအမျှင်များ သာမာန်ထက်များခြင်း၊ ဝက်ခြံပေါက်ခြင်းများလည်း တွဲဖြစ်တတ်ပါတယ်။
6. မျိုးပွားလမ်းကြောင်းကင်ဆာရောဂါများ
မွေးလမ်းကြောင်း၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မျိုးဥအိမ်ကင်ဆာရောဂါတွေမှာ မူမမှန်သွေးဆင်းတာ ဖြစ်ပါတယ်။
7. အခြားရောဂါများ
သွေးချိုဆီးချိုရောဂါ၊ သိုင်းရွိုက်ဂလင်းရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါရှိသူတွေမှာလည်း ရာသီမမှန်တဲ့ပြဿနာ ဖြစ်တတ်ပါတယ်။
8. ဆေးဝါးအချို့
သွေးကျဲဆေးသောက်နေရတဲ့ သူတွေ၊ ကိုယ်ဝန်တားဆေးတွေ၊ သွေးဆုံးပြီး ဟော်မုန်းအစားထိုးကုသမှုခံယူထားသူတွေမှာ သွေးဆင်းမမှန်ဖြစ်တတ်ပါတယ်။
ဆေးရုံဆေးခန်းမှာ သွေးစစ်တာ၊ အာထွာဆောင်းရိုက်တာ၊ သားအိမ်တွင်းမှန်ပြောင်းဖြင့်ကြည့်တာ၊ အသားစယူစစ်ဆေးတာများဖြင့် အကြောင်းရင်းကို ရှာဖွေစစ်ဆေးနိုင်ပါတယ်။ သွေးဆင်းမမှန်ဖြစ်ရင် ကိုယ်ဝန်ရဖို့ခက်ခဲတာ၊ သွေးဆင်းများခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်လာတာအပြင် နောက်ပိုင်းမှာ သားအိမ်ကင်ဆာဖြစ်လာနိုင်ခြေရှိပါတယ်။ ရာသီပြဿနာများလိုအပ်သလိုကုသနိုင်ဖို့အတွက် သက်ဆိုင်ရာ ဆရာဝန်များနဲ့ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်
Ma Thwe Thwe Aung 14 Nov 2023 |
သမီးရဲ့အမေကအသက်၄၉ရှိပါပြီ။ အရင်နှစ်လကရာသီမဆင်းပါဘူး အခုပြန်ဆင်းနေတာ ရက်တွေကြာနေလို့ပါရှင့်။ ၁၃ရက်ရှိပါပြီ။သွေးဆုံးချိန်မို့ဖြစ်တာဆိုပြီးဆရာဝန်သွားမပြဘဲဒီတိုင်းနေနေတာ ရက်တွေများနေပြီမလို့ပါရှင့်။ အားနည်းတာတော့ဖြစ်တယ်ရှင့်။သံဓာတ်ပါတဲ့အစားအစာတွေတော့စားပေးပါတယ်။ စိုးရိမ်ရလားရှင့်။
Sunshine 27 Dec 2023 |
ဆရာရှင့်လိင်ဆက်ဆံပြီနာရီပိုင်းရာသီလာတာကိုယ်ဝန်ရနိုင်လားရှင့်